အလုပ်ရှင်များအတွက် COVID-19 အချက်အလက်များ

COVID-19 အန္တရာယ်များ ဖော်ထုတ်ရန်နှင့် ထိန်းချုပ်ရန်အတွက် ယေဘုယျအဆင့်များ။း

Shape

ဤအချက်အလက်များသည် ထုတ်ဝေချိန်တွင် မှန်ကန်ပါသည်။

ညွှန်ကြားချက်များနှင့် လုပ်ငန်းနယ်ပယ်အလိုက် လိုအပ်ချက်များသည် အချိန်မရွေးပြောင်းလဲနိုင်သောကြောင့် COVID-19 နှင့်ပတ်သက်၍ နောက်ဆုံးရအချက်အလက်များအတွက် coronavirus.vic.gov.au တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပြီး ၎င်းတို့ကို သိရှိနေရန်မှာ သင့်တာဝန်ဖြစ်ပါသည်။

coronavirus.vic.gov.au

လုပ်ငန်းခွင်ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး ဥပဒေနှင့် COVID-19

အလုပ်ရှင်တစ်ဦးအနေဖြင့် 2004 ခုနှစ် လုပ်ငန်းခွင်ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး အက်ဥပဒေအရ သင့်လုပ်ငန်းခွင်အတွင်း COVID-19 ကူးစက်ပျံ့နှံ့မှုကို ကာကွယ်တားဆီးရမည့် ဥပဒေအရ တာဝန်များရှိပါသည်။ လက်ရှိအချိန်အထိ ကျိုးကြောင်းဆီလျော်စွာ လက်တွေ့ကျကျ သင် လုပ်ရမည်မှာ-

  • ဘေးအန္တရာယ်ကင်းရှင်းပြီး ဝန်ထမ်းများ၏ ကျန်းမာရေးကို အန္တရာယ်မဖြစ်စေသော အလုပ်ပတ်ဝန်းကျင်တစ်ခုပေးကာ ထိန်းသိမ်းထားရမည်
  • ဝန်ထမ်းများအား ၎င်းတို့၏အလုပ်ကို ဘေးအန္တရာယ်ကင်းရှင်းစွာ လုပ်နိုင်စေရေးအတွက် လိုအပ်သော အချက်အလက်များ၊ ညွှန်ကြားချက်များ၊ သင်တန်း သို့မဟုတ် ကြီးကြပ်မှုများ ပံ့ပိုးရမည်
  • ဝန်ထမ်းများအား လုပ်ငန်းခွင်အတွင်း ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်ရေးနှင့်ပတ်သက်သော အချက်အလက်များကို သင့်လျော်သော ဘာသာစကားများဖြင့် ပံ့ပိုးပေးရမည်
  • အခြားသူများအား သင်၏ လုပ်ငန်းဆောင်ရွက်လှုပ်ရှားမှုများကြောင့် ၎င်းတို့၏ ကျန်းမာရေး သို့မဟုတ် ဘေးအန္တရာယ်ကင်းရှင်းရေးကို ထိခိုက်စေမည့် အန္တရာယ်များနှင့် ထိတွေ့မှုမရှိအောင် သေချာဆောင်ရွက်ရမည်။

ဤ လမ်းညွှန် ချက်တွင် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ တာဝန်များနှင့် ကိုက်ညီစေရန်အဖြစ် COVID-19 နှင့် ထိတွေ့မှုအန္တရာယ်အား ဖော်ထုတ်ရန်နှင့် ထိန်းချုပ်ရန်အတွက် လုပ်ရမည့် ယေဘုယျအဆင့်ဆင့် အချက်အချို့ကို ဖော်ပြထားသည်။

ဗစ်တိုးရီးယား ကျန်းမာရေးဝန်ကြီးမှ ထုတ်ပြန်ထားသည့် ကမ္ဘာ့ကပ်ရောဂါနှင့် ဆက်စပ်သည့် အမိန့်များအတိုင်း COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို တားဆီးရန် သင့်အနေဖြင့် လုပ်ဆောင်ရမည့် အထူးတလည် လုပ်ငန်းဆောင်တာများလည်း ရှိကောင်း ရှိနိုင်သည်။

COVID-19 အန္တရာယ်များ ဖော်ထုတ်ခြင်း

သင်သည် သင့်လုပ်ငန်းခွင်တွင် COVID-19 နှင့် ထိတွေ့ရာမှ သင့်ဝန်ထမ်းများတွင် ကျန်းမာရေးအန္တရာယ်ရှိမရှိ ရှာဖွေဖော်ထုတ်ရမည်။

COVID-19 သည် အောက်ပါတို့မှတစ်ဆင့် ပျံ့နှံ့နိုင်သည် -

  • ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ စကားပြောခြင်း၊ အော်ဟစ်ခြင်း သို့မဟုတ် သီချင်းဆိုခြင်းကဲ့သို့ လှုပ်ရှားမှုများမှ ထုတ်ပေးသည့် လေထဲတွင်လွင့်မျောနေနိုင်သည့် ငွေ့ရည်မှုန်များ - ၎င်းတို့သည် လေထဲတွင် အချိန်အတော်ကြာရှိနေနိုင်သည် အထူးသဖြင့် လေဝင်လေထွက်မကောင်းသော အခန်းတွင်နေရာများ
  • ရောဂါရှိသူ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ စကားပြောခြင်း၊ အော်ဟစ်ခြင်း သို့မဟုတ် သီချင်းဆိုခြင်း ပြုလုပ်သည့်အခါထွက်လာသော အမှုန်အစက်များ - သင် အနီးကပ်ထိတွေ့မိသည့်အခါ သို့မဟုတ် မျက်နှာပြင်များကို ထိတွေ့ကိုင်တွယ်သည့်အခါ ၎င်းတို့သည် သင်၏ မျက်စိ၊ နှာခေါင်း သို့မဟုတ် ပါးစပ်များထဲသို့ ဝင်နိုင်သည်
  • အမှုန်အစက်များဖြင့် ရောဂါပိုးထိတွေ့ထားသည့် အရာဝတ္ထုများ သို့မဟုတ် မျက်နှာပြင်များ (ဥပမာ တံခါးလက်ကိုင်များ) ကို ထိတွေ့ခြင်း။

အန္တရာယ်များကို ရှာဖွေဖော်ထုတ်နိုင်မည့်နည်းလမ်းများ

  • အခြေအနေများပြောင်းလဲနေသည့်အတွက် လတ်တလောအဖြစ်ဆုံး အကြံဉာဏ်ကို ကြည့်ရှုရန် coronavirus.vic.gov.au သို့ သွားပါ။
  • COVID-19 ရောဂါပျံ့နှံ့နိုင်သည့် နည်းလမ်းများကို ရှာဖွေရန် သင့်လုပ်ငန်းခွင်နှင့် လုပ်ငန်းအလေ့အထများကို သုံးသပ်ပါ။ ဥပမာ ဝန်ထမ်းများ အလုံပိတ် လေဝင်လေထွက်မရှိသော နေရာများတွင်ရှိသည့်အခါ၊ ကိရိယာများကို မျှဝေသုံးစွဲသည့်အခါ သို့မဟုတ် အထိအတွေ့များသော မျက်နှာပြင်များကို ထိတွေ့သည့်အခါ။
  • အလုပ်ဆောင်ရွက်ချက်များသည် ဖောက်သည်များ သို့မဟုတ် အများပြည်သူကဲ့သို့ အခြားသူများကို COVID-19 နှင့်ထိတွေ့စေနိုင်သည့် အန္တရာယ်ရှိမရှိ စဉ်းစားပါ။

COVID-19 အန္တရာယ်များကို ထိန်းချုပ်ခြင်း

သင့်လုပ်ငန်းခွင်တွင် ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အန္တရာယ်တစ်ခုကို ရှာဖွေတွေ့ရှိပါက သင်သည် အဆိုပါ အန္တရာယ်ကို ကြောင်းကျိုးညီပြီး လက်တွေ့ကျနိုင်သမျှ ဖယ်ရှားပစ်ရမည်။ သင်သည် အဆိုပါအန္တရာယ်ကို မဖယ်ရှားနိုင်ပါက ကြောင်းကျိုးညီပြီး လက်တွေ့ကျနိုင်သမျှ လျှော့ချပစ်ရမည်။ အသုံးပြုရမည့် ထိန်းချုပ်ရေးအစီအမံများသည် အန္တရာယ်၊ အစီအမံ ပြုလုပ်နိုင်မှုရှိမရှိနှင့် သင့်လုပ်ငန်းခွင်နှင့်ဆီလျော်မှုရှိမရှိတို့ပေါ်တွင် မူတည်သည်။

ဝန်ထမ်းများက မည်သည်တို့ပြုလုပ်ရမည်ကို သိရှိကြောင်းသေချာစေခြင်း

COVID-19 ထိတွေ့မှုနှင့် ဆက်စပ်နေသော အန္တရာယ်များကို ကြောင်းကျိုးညီပြီး လက်တွေ့ကျနိုင်သမျှ ဖယ်ရှားရမည့် သို့မဟုတ် လျှော့ချရမည့် သင့်တာဝန်တွင် အောက်ပါတို့ကို သေချာအောင်လုပ်ရန် ပါဝင်သည်-

  • ဝန်ထမ်းများ နေမကောင်းပါက သို့မဟုတ် ၎င်းတို့ရောဂါကူးစက်ခံထားရသည်ဟု ထင်ပါက (အောက်တွင်ကြည့်ပါ) ၎င်းတို့ဘာလုပ်ရမည်ကို သိရှိထားကြောင်းသေချာစေရမည်
  • COVID-19 စစ်ဆေးမှုအဖြေစောင့်နေသော ဝန်ထမ်းများ (အဆိုပါစစ်ဆေးမှုသည် လုပ်ငန်းခွင့်စောင့်ကြည့်ရေးအတွက် စစ်ဆေးရေးမှလွဲ၍) နှင့် COVID-19 ရောဂါရှိကြောင်းအတည်ပြုထားသူ ဝန်ထမ်းများအပါအဝင် နေမကောင်းဖြစ်နေသော ဝန်ထမ်းများ လုပ်ငန်းခွင်သို့မလာရောက်စေကြောင်း သေချာစေရမည်။

သတိထားရမည့် COVID-19 လက္ခဏာများမှာ -

  • အဖျားတက်ခြင်း
  • ချမ်းတုန်ခြင်း သို့မဟုတ် ချွေးထွက်ခြင်း
  • ချောင်းဆိုးခြင်း
  • လည်ချောင်းနာခြင်း
  • အသက်ရှူကျပ်ခြင်း
  • နှာစေးခြင်း
  • အနံ့ သို့မဟုတ် အရသာ ပျောက်ဆုံးခြင်း သို့မဟုတ် ပြောင်းလဲခြင်း။

အချို့လူများသည် ခေါင်းကိုက်ခြင်း၊ ကြွက်သားနာခြင်း၊ နှာခေါင်းပိတ်ခြင်း၊ မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်းနှင့် ဝမ်းပျက်ခြင်းတို့ကိုလည်း ခံစားရနိုင်ပါသည်။

အလုပ်သမား တစ်ဦးဦးတွင် COVID-19 လက္ခဏာများ ဖြစ်ပွားလာလျှင်၊ မပြင်းထန်စေကာမူ ၎င်းတို့ အနေဖြင့် အလုပ်မသွားသင့်ပါ။ အလုပ်သွားမည့်အစား ၎င်းတို့သည် အောက်ပါတို့ပြုလုပ်သင့်သည် -

  • ချက်ချင်း မိမိဘာသာ သီးသန့်ခွဲနေသင့်သည်
  • ရောဂါပိုးရှိမရှိစစ်ဆေးသင့်သည်။
  • လိုအပ်လျှင် ၎င်းတို့၏ ဆရာဝန်ထံမှ သို့မဟုတ် ဗစ်တိုးရီးယား ကိုရိုနာဗိုင်းရပ်စ် တိုက်ရိုက်ဖုန်းလိုင်း ဖုန်း  1800 675 398 ထံမှ ဆေးဘက်အကြံဥာဏ်တောင်းခံပါ။

မှတ်တမ်းများ ထားရှိခြင်း

  • လုပ်ငန်းခွင်သို့လာရောက်သူများ၏ မှတ်တမ်းများထားရှိခြင်းနှင့်ပတ်သက်၍ ဗစ်တိုးရီးယားအစိုးရ၏ လိုအပ်ချက်များ အတိုင်းလိုက်နာပါ။

အချင်းချင်းအကွာအဝေးခြားထားခြင်း

  • အလုပ်သမားအချင်းချင်းကြားနှင့် အခြားသူများကြား အနည်းဆုံး 1.5 မီတာအကွာအဝေးခြားကြောင်း သေချာပါစေ။
  • ဗစ်တိုးရီးယားအစိုးရ၏ လေးစတုရန်းမီတာစည်းမျဉ်းများကို လိုက်နာပါ။
  • လူကိုယ်တိုင်တက်ရောက်ရသည့် အစည်းအဝေးများကို အနည်းဆုံးလျှော့ချပါ။
  • ဝန်ထမ်းများအား အိမ်မှအလုပ်လုပ်စေခြင်း သို့မဟုတ် အလုပ်တက်ချိန်နှင့် ဆင်းချိန်များ လွှဲထားခြင်းကဲ့သို့ ပြောင်းသာပြင်လွယ်ရှိသော အလုပ်အစီအစဉ်ကို ခွင့်ပြုရန် စဉ်းစားပါ။

လေဝင်လေထွက်

အခန်းတွင်းနေရာများတွင် လေကောင်းလေသန့် များနိုင်သမျှများများ ရရှိအောင်လုပ်ပါ။ လေကောင်းလေသန့်သည် အောက်ပါတို့မှတစ်ဆင့် ဖြတ်၍ဝင်လာနိုင်သည်-

  • ပြတင်းပေါက်များ၊ တံခါးများ သို့မဟုတ် လေဝင်ပေါက်များကို ဖွင့်ပါ
  • လေအေးပေးစက်၊ အပူပေးစက် သို့မဟုတ် လေဝင်လေထွက်စနစ်များအား ပြင်ပမှလေ ဝင်လာသောနည်းကို ချိန်ထားပေးပြီးသုံးပါ

အခန်းတွင်းနေရာများ၌ လေကောင်းလေသန့် ပမာဏ ပိုမိုရရှိအောင်လုပ်ခြင်းအားဖြင့် လေဝင်လေထွက် မကောင်းနိုင်ပါက လေသန့်စင်စက်များကို အသုံးပြုနိုင်သည်။

သန့်ရှင်းရေးလုပ်ခြင်း

  • ပုံမှန်သန့်ရှင်းလုပ်ခြင်းအလေ့အထများကို တိုးမြှင့်ပါ။
  • ဖုန်းများ၊ ကီးဘုတ်များ၊ တံခါးလက်ကိုင်များ၊ မီးခလုတ်များနှင့် ခုံတန်းလျားထိပ်ပိုင်းကဲ့သို့ ထိတွေ့မှုများပြီး မျှဝေအသုံးပြုသည့် မျက်နှာပြင်များကို သန့်ရှင်းရေးလုပ်ပြီး ပိုးသတ်ပါ။
  • သန့်ရှင်းရေးလုပ်ခြင်းနှင့် ပိုးသတ်ခြင်းနှင့်ပတ်သက်၍ ကျန်းမာရေးဌာန၏ အကြံဉာဏ်ကိုလိုက်နာပါ။

တစ်ကိုယ်ရေသန့်ရှင်းရေး

ဝန်ထမ်းများ တစ်ကိုယ်ရေသန့်ရှင်းရေးအလေ့အထကို ကျင့်သုံးနိုင်စေရန် သင့်လျော်သော နေရာများ သို့မဟုတ် ထုတ်ကုန်များ ပံ့ပိုးပေးပါ (ဥပမာ လက်သန့်ဆေးနှင့် ဆပ်ပြာ)။

လုပ်ငန်းခွင်ရှိ လူတိုင်းသည် တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထကောင်းများကို ကျင့်သုံးသင့်သည် -

  • လက်ကို ဆပ်ပြာနှင့်ရေဖြင့် (အနည်းဆုံး စက္ကန့် 20 ကြာ) ပုံမှန်ဆေးကြောပါ သို့မဟုတ် အရက်ပျံပါလက်သန့်ဆေးဖြင့် ပွတ်ပါ
  • လက်မှာ မြင်သာအောင်ညစ်ပေနေပါက ဆပ်ပြနှင့်ရေဖြင့်ဆေးပါ
  • လက်ကို အောက်ပါအချိန်များတွင် ဆပ်ပြာနှင့် ရေဖြင့်ဆေးပါ-
    • အစာမစားမီ
    • သန့်စင်ခန်းအသုံးပြုပြီးနောက်
    • အများဆိုင်နေရာတစ်ခုကို သွားရောက်ပြီးနောက်
    • ချောင်းဆိုး၊ နှာချေ သို့မဟုတ် နှပ်ညှစ်ပြီးနောက်
  • ချောင်းဆိုး၊ နှာချေသည့်အခါ နှာခေါင်းနှင့်ပါးစပ်ကို အုပ်ထားပြီး အသုံးပြုပြီးသား တစ်ရှူးများကို ချက်ချင်းလွှင့်ပစ်ပါ။

တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံ (PPE)

  • လိုအပ်ပါက သင့်လျော်သော PPE ပံ့ပိုးပါ။
  • မည်သည့်အတွက်ကြောင့် PPE လိုအပ်သည်နှင့် ၎င်းကိုမည်သို့ဘေးကင်းစွာအသုံးပြုရမည်တို့နှင့်ပတ်သက်၍ သိရှိစေပြီး သင်တန်းများပေးပါ။
  • COVID-19 အန္တရာယ်များကို စီမံခန့်ခွဲခြင်း- လုပ်ငန်းခွင်အတွင်းရှိ မျက်နှာဖုံးများ နှင့်ပတ်သက်၍ ပိုမိုလေ့လာပါ။

သင့်ဘာသာစကားဖြင့် အချက်အလက်များ

သင့်ဘာသာစကားဖြင့် WorkSafe အကြောင်း အချက်အလက်များရယူရန်အတွက် ကျွန်ုပ်တို့၏ ဘာသာပြန်နှင့် စကားပြန်ဝန်ဆောင်မှု (TIS National) ဖုန်း 131 450 ကို ဆက်သွယ်ပါ။